အစာအိမ်အနာအတွက် ဒါတွေဆောင်၊ ဒါတွေရှောင်ပါ
အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီးတော့ " အစာအိမ်ရောဂါ ကြောက်သင့်လား " ခေါင်းစဥ်နဲ့ ဝေမျှခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အစစအရာရာ စျေးကြီးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ခက်ခဲလာတဲ့ ခုလိုအချိန်မှာ ကျန်းမာရေးအတွက် မလိုအပ်ဘဲ မကုန်သင့်တာ မကုန်ရလေအောင် အစာအိမ်အနာ နဲ့ ပတ်သက်ပြီးတော့ ဆောင်ရန်၊ ရှောင်ရန်တွေကို ထပ်မံဝေမျှပေးလိုပါတယ်။
အစာအိမ်အနာ ခံစားနေရတဲ့သူတွေ အနေနဲ့... အပန်းမကြီးတဲ့ ဒီ အချက်လေးတွေကို ဂရုတစိုက် လိုက်နာသင့်
1. အစားအစာ
၁။ Probiotics ပါဝင်သော အစားအစာများ
- ဒိန်ချဥ်၊ အချဥ်ဖောက်ထားတဲ့ အစားအစာတွေ ( ဥပမာ -ကင်မ်ချီ )- ဒီ အစားအစာတွေဟာ H.pylori ကူးစက်ခြင်းကို ခုခံတိုက်ခိုက်ပြီးတော့ အစာအိမ်အနာ ပျောက်ကင်းစေတဲ့ ကုသမှုတွေကိုလဲ ထိရောက်အောင် ကူညီပေးပါတယ်။
၂။ အမျှင်ကြွယ်ဝသော အစားအစာများ
- ပန်းသီး၊ သစ်တော်သီး၊ oat meal ၊ ဟင်းသီးဟင်းရွက်များ - အမျှင်တွေဟာ အစာအိမ်က အက်ဆစ်ထွက်တာ လျော့နည်းစေပြီးတော့ ရင်ပြည့်ရင်ကယ်တာ၊ ဗိုက်အောင့်တာ သက်သာစေပါတယ်။ သုတေသနတစ်ချို့မှာတော့ အစာအိမ်အနာတွေ မဖြစ်အောင် ကြိုတင် ကာကွယ်ပေး ကြောင်းလဲ တွေ့ရှိရပါတယ်။
- ကန်စွန်းဥမှာ ဗိုက်တာမင် အေ များစွာပါဝင်ပြီးတော့ အစာအိမ်အနာတွေကို တဖြည်းဖြည်း သေးလာစေပါတယ်။ အစာအိမ်အနာ မဖြစ်ခင် စားသုံးပါက အစာအိိမ်အနာ မဖြစ်အောင်လဲ ကြိုတင်ကာကွယ်ပေးပါတယ်။
- တခြားသော ဗိုက်တာမင် အေ ပါဝင်တဲ့ အစားအစာ တွေကတော့ ဟင်းနုနွယ်၊ မုန်လာဥနီ၊ သခွားမွှေးသီး နဲ့ နွားရဲ့ အသည်း တို့ ဖြစ်ပါတယ်။
- ငရုပ်ပွသီး အနီမှာ ဗိုက်တာမင် စီ များစွာ ပါဝင်ပြီးတော့ အစာအိမ်အနာတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ အပြင် ပျောက်ကင်းအောင်လဲ ကူညီပေးပါတယ်။ တစ်ချို့သော ဗိုက်တာမင် စီ ချို့တဲ့သူတွေမှာ အစာအိမ်အနာ ဖြစ်နိုင်တဲ့ အခွင့်အရေး ပိုများတာကို တွေ့ရပါတယ်။
- တခြားသော ဗိုက်တာမင် စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အရည်ရွှမ်းတဲ့ အသီးတွေ၊ စတော်ဘယ်ရီသီး၊ ကီဝီသီး နဲ့ ဘရိုကိုလီ တို့ပဲ ဖြစ်ပါတယ်။
- ဆေးလိပ် ၊ အရက်၊ ကွမ်းစားတာ ဖြတ်ပါ။
- အဆီ နဲ့ အစပ်များသော အစားအစာများ၊ ဆီကြော်များ
- ရှောင်ကြဥ်ပါ။
- ကြာရှည်ခံအောင် လုပ်ထားသော အစားအစာများ စားသုံးတာ ရှောင်ကြဥ်ပါ။
- ဟိုးအရင် အစာအိမ်အနာအတွက် ဆေးကောင်းတွေ မပေါ်ခင်က နွားနို့သောက်ဖို့ တိုက်တွန်းခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ နွားနို့ဟာ အစာအိမ်က အက်ဆစ်ထွက်တာကို အားပေးတယ်လို့ ဆိုလာကြပြန်ပါတယ်။
- ကော်ဖီ၊ လက်ဖက်ရည် စတဲ့ ကဖင်းပါသော အရာများ သောက်သုံးတာ ရပ်ထားပါ။
- အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ၊
- မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ ကိုယ် မသောက်သုံးပါနဲ့။
စားလို့ သင့်/မသင့် အငြင်းပွားလျက်ရှိသော အစားအစာများ
- - ချောကလက် နဲ့ အရည်ရွှမ်းသော အသီးတွေဟာ တချို့သူတွေမှာ အစာအိမ်အနာတွေ ပိုဆိုးစေတတ်ပြီးတော့ တချို့တွေမှာတော့ သိသာထင်ရှားခြင်း မရှိပါဘူး။ ချောကလက်နဲ့ အရည်ရွှမ်းသော အသီးတွေက ရတဲ့ ကျန်းမာရေး ကောင်းကျ်ိုးတွေ များစွာကလဲ ရှိသေးတော့ မိမိနဲ့ အဆင်ပြေနေရင် အထူးတလည် ရှောင်ရှားစရာ မလိုပါဘူး။
2. စားသောက်နေထိုင်မှု ပုံစံ
- အချိန်မှန်မှန် အစာစားပါ။
- တစ်ခါစားရင် အများကြီး ပြည့်အင့်နေအောင် မစားဘဲ နည်းနည်းနဲ့ သုံးနာရီခြား တစ်ခါ စားပေးလို့ ရပါတယ်။
- အစာစားရင် ဖြည်းဖြည်းနဲ့ သေချာ ဝါးစားပေးပါ။ အလောတကြီး မြိုချခြင်းဟာ အစာမကြေခြင်းကို ဖြစ်စေပါတယ်။
- တစ်နေ့ကို ရေတစ်လီတာခွဲ အနည်းဆုံး သောက်ပေးပါ။ ချွေးထွက်များ၊ လှုပ်ရှားမှု များရင် ပိုသောက်ပေးပါ။
- ကိုယ်လက်လှုပ်ရှားမှုကို အချိန်ပေးပြီး ပုံမှန် လုပ်ပေးပါ။
- စိတ်ဖိစီးမှု သောကတွေ အလွန်အကျွံ မဖြစ်ရလေအောင် တရားထိုင်တာ၊ ယောဂကျင့်တာ၊ စာအုပ်ဖတ်၊ သီချင်းနားထောင်တာ စတဲ့ စိတ်တည်ငြိမ်စေတဲ့ အရာတွေနဲ့ ထိန်းချုပ်ပါ။